လေ့ကျင့်ခန်းလုပ်တာက သည်းခြေအိတ်ကို ကျန်းမာစေမှာလား
သည်းခြေအိတ်က အမေ့ခံ ကိုယ်တွင်း အစိတ်အပိုင်းလေး တစ်ခုဆိုပေမယ့် သည်းခြေအိတ်ရောင်တာ၊ သည်းခြေအိတ် ကျောက်တည်တာတွေက အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်းလုပ်တာက သည်းခြေအိတ်ကို ကျန်းမာစေမှာလား ဆိုတာကို အတူတူ ဆက်ကြည့်လိုက် ရအောင်နော်။
လေ့လာမှုတွေအရကတော့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်တာက သည်းခြေအိတ် ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို သည်းခြေအိတ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်တယ် လို့ပါ။
လေ့ကျင့်ခန်း လုပ်တာက သည်းခြေကျောက်တွေကို ဖယ်ရှားပေးနိုင်တယ်လို့တော့ သိပ္ပံနည်းကျ ရလဒ်တွေ မရှိပေမယ့် သည်းခြေကျောက်တည်တာကြောင့် နာကျင်မှုကိုတော့ သက်သာစေနိုင်ပါတယ်။
နောက်တွေ့ရှိချက် တစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာက သည်းခြေကျောက်တည်တာကို ကာကွယ်ပေးနိုင် တယ် ဆိုတာပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ရှိနေတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးတာက သည်းခြေအိတ်မှာ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလို ခန္ဓာကိုယ်ရဲ့ BMI ကိုလည်း ထိန်းညှိပေးပါတယ်။
သွေးတွင်းအဆီများတာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နှလုံးကျန်းမာစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု နည်းချိန်မှာ ခန္ဓာကိုယ်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ အဝလွန်တာတွေကို ဖြစ်စေနိုင်ပြီး သည်းခြေကျောက်တည်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ သည်းခြေကျောက်တွေမှာ အများစုကတော့ သည်းခြေရည်ထဲမှာ အဆီများပြီး ကြာလာချိန်မှာ အစိုင်အခဲတွေ ဖြစ်သွားပြီး သည်းခြေကျောက်တည်တာကို ခံစားရတာပါ။
သည်းခြေရောဂါတွေက ဗိုက်အဆီတက်မှု ပမာဏနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။ လှုပ်ရှားမှု နည်းလေလေ ဗိုက်မှာ အဆီစုလေလေ သည်းခြေရောဂါ ဖြစ်နိုင်ခြေ များလေလေပါ။
ဗိုက်မှာ အဆီများလာတာက သည်းခြေရည် စီးဆင်းထုတ်လုပ်မှု ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ဘဲ သည်းခြေအိတ်ထဲမှာ သည်းခြေရည်တွေ စုမိပြီး သည်းခြေကျောက်တည်တာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် သည်းခြေအိတ်လေး ကျန်းမာစေဖို့ ဆိုရင် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ တောင်တက်တာ၊ ရေကူးတာ၊ တင်းနစ်ရိုက်တာလိုမျိုး လေ့ကျင့်ခန်းတွေကို လုပ်ဆောင်လို့ ရပါတယ်။
မွန်မွန်